Timber Mock-up အကြောင်းမပြောခင် စင်္ကာပူက House and Development Board (HDB) က အဆောက်အဦးအကြောင်းလေးကို အရင်ဆုံး မိတ်ဆက်ပေးမှ ပိုပြီးတော့ အဆင်ပြေမယ်ထင်ပါတယ်။ HDB ဆိုတာကတော့ စင်္ကာပူ အစိုးရ အဖွဲ့အစည်းဖြစ်ပြီးတော့ Public Housing တွေကို ကြီးကြပ်ကွပ်ကဲပြီးတော့ အကောင်အထည်ဖော်ပေးတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ အဆောက်အဦးတစ်ခုစီမှာ ပိုင်ရှင် တစ်ယောက်စီပိုင်ဆိုင်တဲ့ အခန်းတွေကို Unit လို့ ခေါ်လေ့ရှိပြီးတော့ အဲဒီလို Unit ပုံစံအမျိုးမျိုးကို တွဲစပ်ပြီးတော့ အဆောက်အဦးပုံပေါ်အောင် ဒီဇိုင်းရေးဆွဲလေ့ ရှိပါတယ်။ Unit တွေကို 3 Room, 4 Room, 5 Room စသဖြင့်ခွဲခြားထားလေ့ရှိပါတယ်။ အဲဒါကဘာကို ဆိုလိုသလဲဆိုရင် 3 Room (2 Bed Room + Living Room) ဆိုရင် အိပ်ခန်း ၂ ခန်း နဲ့ ဧည့်ခန်း ၁ ခန်း ပါတာကို 3 Room Type လို့ခေါ်ပါတယ်။ အဲဒီလို 3 Room Type မှာ ပုံစံ နဲနဲကွဲသွားတာတွေလည်းပါလေ့ရှိပါတယ်။ အဲလိုမျိုးဖွဲ့စည်းထားတာဖြစ်တဲ့အတွက် စီမံကိန်းတစ်ခုမှာ တကယ်ပါတဲ့အခန်းပုံစံကတော့ လေးငါးမျိုးလောက်ပဲ ဖြစ်ပါတယ်။
Timber Mock-up ဆိုတာကတော့ တကယ်အဆောက်အဦးရဲ့ Super Structure မစခင်၊ ဖောင်ဒေးရှင်း (အများအားဖြင့် Pile Foundation) လုပ်နေတဲ့ အချိန်မှာ Typical Unit Type ( 3,4, 5 Room စသဖြင့် ပုံစံစုံအောင်) တွေအတွက် သစ်သားနဲ့ အထပ်သားတွေကိုသုံးပြီးတော့ တကယ့်ရှိမဲ့ အတိုင်းအတာအတိုင်း မဖြစ်မနေ ဆောက်ပေးရပါတယ်။ ဆောက်တဲ့အထဲမှာ Kitchen, Bath&W.C, Service Yard စတာတွေ ပါဝင်ပါတယ်။ အိပ်ခန်းတို့ ဧည့်ခန်းတို့ကိုတော့ ထည့်ဆောက်လေ့မရှိပါဘူး။ အဲဒီလို လုပ်ထားတဲ့ နမူနာပုံစံကို Timber Mock-up လို့ခေါ်ပါတယ်။ HDB အဆောက်အဦးတွေမှာ Precast တွေကို အသုံးများတဲ့အတွက် Shop Drawing တွေကို ပြင်ဆင်နေတဲ့အချိန်မှာ Timber Mock-up ကို ဆောက်လုပ်ခြင်းဖြင့် Design လုပ်တုန်းက လွဲမှားခဲ့တာတွေ ရှိခဲ့ရင် Timber Mock-up မှာ တွေ့ရှိပြီး ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။